▪︎ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အရ တောင်းဆိုခြင်းဖြစ်ဟုဖော်ပြ
မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့် မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သောသတင်းတင်ပြချက်များအရ သိရှိရကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြု၍ ရမ်းကားတိုက်ခိုက်မှုများကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့သည့် အစဥ်အလာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်သည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြုကာ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ဖော်ပြသည်။
အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ အရ ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် အချက်များပါဝင်ကြောင်း ဖော်ပြသည်။


ချင်းပြည်နယ် ထန်တလန်မြို့နယ် မြန်မာ – အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၏ ဌာနချုပ်Camp Victoriaကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက်ကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက People’s Spring သို့ ပြောဆိုထားသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် CNF/CNA ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ဆေးဘက်ဆိုင်ရာ အဆောက်အဦး အပါအဝင် လူနေအိမ်များ၊ အဆောက်အဦးများလည်း ပျက်စီးခဲ့ရသည်။
လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်လေယာဉ်များအား လေပိုင်နက်အသုံးပြုခွင့်ပေးနေခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းသင့်ကြောင်း မကြာသေးမီက တောင်းဆိုထားသည်။
အိန္ဒိယအစိုးရအနေဖြင့် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်များက လေပိုင်နက် ကျူးကျော် အသုံးချနေခြင်းကို သည်းခံမနေသင့်ကြောင်း၊အိန္ဒိယအာဏာပိုင်များအနေဖြင့် အရပ်သားပြည်သူများနှင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် အမြန်ဆုံး ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း Fortify Rights အမှုဆောင်အရာရှိချုပ်မက်သရူးစမစ်သ်က တိုက်တွန်းသည်။
ထိုင်းနိုင်ငံကလည်း စစ်ကောင်စီတပ်က နယ်စပ်တွင် KNU/KNLA ဦးဆောင်သောတပ်များနှင့်တိုက်ခိုက်စဥ် ထိုင်းလေပိုင်နက်အသုံးပြုခဲ့ခြင်းအပေါ် ပြင်းထန်စွာအရေးမယူဘဲ သတိပေးယုံဖြင့်သာပြီးစီးခဲ့သည်။ ရခိုင်ရှိ AA စခန်းများကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်စဥ် ကလည်း ဘဂ်လားဒေလေပိုင်နက်ကိုအသုံးပြုခဲ့သည်။
