ပုလောမြို့နယ် ရှပ်ပုံကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ယနေ့ ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၁၆ရက်) နေ့လည် ၁နာရီခန့်မှ ၃နာရီခန့်အထိ ဖြစ်ပွားခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်ဆောင်ဖြစ်သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားသည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကွန်မန်ဒို တပ်ရင်းတပ်စုတွေ ပေါင်းပြီးမစ်ရှင် ပြုလုပ်တာ။ စ…(စစ်ကောင်စီတပ်သား)တွေဘက်က အုပ်ကြီးအပါဝင် ခြောက်ကောင် မြေပြင်အပြတ်ရှင်းလင်းခဲ့တယ်။ကာဘိုင် နှစ်လက်နဲ့ ဗုန်းသီးတွေလည်းရတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီယာဥ်တန်းသည် မြိတ် – ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။
