ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားမိသားစုဝင် သုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားတိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့နှင့် ဆက်စပ်ရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နေ့လည် ၃ နာရီခန့်က လွိုင်လင်လေးမြို့တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး မိသားစုဝင်သုံးဦး ထိမှန်ခဲ့ခြင်းဟု ဆိုသည်။
“အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။
လက်နက်ကြီးထိမှန်သော အရပ်သားသုံးဦးမှာဦးကျော်ဝင်း ညာဖက်လက်မောင်းပွင့်ထွက်၊ဘယ်ဖက်ခြေချောင်း(၂)ချောင်းပြတ်ဒဏ်ရာရခဲ့ကာ မသန်းသန်းစိုးမှာ ညာဖက် လက်မောင်းယမ်းစထိမှန်ဒဏ်ရာနှင့် ဒေါ်မေဇင်ညွန့်မှာ ညာဖက်လက်မောင်းယမ်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက လွိုင်ကော်မြို့မီးသတ်ကုန်းလမ်း၌ စစ်ကောင်စီ၏ လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ တစ်ဦးထိခိုက်သေဆုံးခဲ့ရကာ ယခုလဝက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးထားရသည်။
