စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ ခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ၂၇ ရက်က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနှင့် ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနှင့် ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။
ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အမြင့်ကျေးရွာရှိ နေအိမ်များကိုလည်းစစ်ကောင်စီတပ်က ဖောက်ထွင်း၍ ပစ္စည်းများ အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ချောင်းဦးမြို့နယ်၊ အမြင့်နှင့် ကံကြီးကုန်းရွာတွင် စစ်ကောင်စီတပ်သားများရှိနေ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကျေး ပအဖ၊ပကဖများနှင့် ဒေသခံတော်လှန်ရေးအင်အားစုများ၏ ခွင့်ပြုချက်မရဘဲ မိမိရပ်ရွာသို့ အရဲစွန့်ဝင်ရောက်ခြင်း မပြုကြရန်နှင့် တော်လှန်ရေးအင်အားစုများ၏ အကြံပြုချက်များကို လေးစားလိုက်နာပေးကြရန် ချောင်းဦး(ပကဖ)အဖွဲ့က မေတ္တာရပ်ခံထားသည်။
ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။
