မန္တလေး ဆေးတက္ကသိုလ် ရဲ့ CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ပြီးခဲ့တဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံကနေစုံစမ်းသိရပါတယ်။
ပါမောက္ခဒေါက်တာဝင်းခိုင်ဟာ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးဆရာဝန်ကြီးဖြစ်ပြီး CDM ပြုလုပ်ထားသူပါ။
ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။
” သိရသလောက်တော့ အဆက်အသွယ်မရသေးဘူးပြောတယ်၊အားလုံးကလည်း ဆရာကြီးကို စိတ်ပူနေကြတယ် ” လို့ မန္တလေး ကျန်းမာရေးအသိုင်းအဝိုင်းက ဆရာဝန်တဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းတွေအတွင်းမှာ မန္တလေးမှာ ဆေးတက္ကသိုလ် ကထိက နဲ့ အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၃၀ ကျော် ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။
