စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သားတစ်ဦးဒဏ်ရာရ၊ လေကြောင်းမှ ကင်းထောက်နေဟု ဒေသခံပြော
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်အင်အားများ ထပ်တိုးထားကြောင်း ဒေသခံက ပြောသည်။
“စကစတွေ အင်အားတိုးလာတယ်လို့လည်း ကြားတယ်။ မောင်းမရွာသစ်ရဲ့အပေါ် မိကသိန် ကျောင်းမှာအဲဒီမှာ တိုးလာတယ်လို့ပြောတယ်။ အခု တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ အခု ၁၁နာရီ ၁၅ မိနစ်လောက်မှာ လေယာဉ်လာပြီးတော့ ဝဲနေပါတယ်”ဟု ကော့ကရိတ်ဒေသခံ တစ်ဦးက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၂၇ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
“ဒီမနက် ၆နာရီနဲ့ ၇နာရီကြားမှာတော့ ရွာသစ် ဒေသခံတစ်ဦး စကစပစ်လို့ လက်မှာထိသွားတာပေါ့။သူက ငါးရှာဖားရှာရင်းနဲ့ အင်းမှာထွက်လာတော့ စကစက သူ့ကို လှမ်းပစ်တာ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။
ယခင်နေ့များကလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သံဃာတော် အချို့အပါအဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
