စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း သောင်တင် နေသည့် စစ်ကောင်စီသင်္ဘော လေးစီးအား မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်များနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ၂၄ ရက် နံနက် ၁၀နာရီခွဲနှင့် ယမန်နေ့ (ဒီဇင်ဘာ၂၅ ရက်) နံနက် ၁၀နာရီခန့်က နတ်ကြီးရွာသောင်ပြင်ပေါ်တွင် သောင်တင်နေသော စစ်ကောင်စီ ၏ သင်္ဘောလေးစီးပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုသင်္ဘောများမှာ ဟုမ္မလင်းဘက်သို့သွားရန် ဆတ်တက်လာကြခြင်းဖြစ်ကြောင်းမုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)မှ တာဝန်ရှိသူကပြောသည်။
ဝါးတန်းရွာရှိ ပကဖနှင့် ပအဖအကူအညီဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က အထိအခိုက်များနိုင်ပြီး တပ်ပေါင်းစုဘက်က အထိအခိုက်မရှိကြောင်း Chindwin Attack Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF ၊ Knai Ice နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဒီဇင်ဘာ ၂၄ ရက်ကပင် ချင်းတွင်းမြစ်ကြောင်းအတွင်း မုံရွာမှ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းသို့စစ်ကူလာသည့် စစ်ကောင်စီရေယာဥ်များအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့သေးသည်။
