ဂျပန်အဖျော်ယမကာလုပ်ငန်းကီရင်ကုမ္ပဏီဟိုးဒင်းပိုင်ဆိုင်သည့် မြန်မာဘရူဝါရီလီမိတက်ကုမ္ပဏီမှ ရှယ်ယာများကို ကျပ် ၃၂၄ ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း စစ်အုပ်စုပိုင် အဆိုပါ ကုမ္ပဏီကထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များမသုံးစွဲရေးလူထုသပိတ်များကြောင့် ရပ်တည်ရန် ခက်ခဲလာသည့်မြန်မာဘီယာကုမ္ပဏီ တွင်ဂျပန်ကုမ္ပဏီပိုင် အစုရှယ်ယာများကို စစ်အုပ်စုပိုင် မြန်မာဘရူဝါရီ ကုမ္ပဏီကပြန်လည်ဝယ်ယူရန် စီစဥ် နေခြင်းဖြစ်သည်။
ဘရူဝါရီကုမ္ပဏီကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် စစ်တပ်လက်အောက်ခံ ဦးပိုင်က ရှယ်ယာ ၄၉ ရာခိုင်နှုန်း နှင့် ဂျပန်ကီရင်ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပြီး မြန်မာဘီယာ၊ အက်ဒမန်ဂိုး၊ Kirin ဘီယာစသည့်တိုကိုထုတ်လုပ်ရောင်းချနေသည်။
ယခုအခါ အဆိုပါဘရူဝါရီကုမ္ပဏီမှ ကီရင်ကုမ္ပဏီ ပိုင်ရှယ်ယာအစု ၇၂၀၀၀ကျော်ကို ကျပ် ၃၂၄ ဘီလီယံ ဖြင့်ဝယ်ယူသွားရန် ဒီဇင်ဘာ ၂၃ ရက်က သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဘရူဝါရီကုမ္ပဏီက စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်ကြေညာခဲ့သည်။ဂျပန်ကီရင်ကုမ္ပဏီ၏ သဘောတူညီမှုအပေါ်မူတည်ပြီး အစုရှယ်ယာဝယ်ယူခြင်းကို ၂၈ ရက် မြောက်တွင် ဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။
မြန်မာဘရူဝါရီကုမ္ပဏီနှင့်အတူ မန္တလေးဘရူဝါရီကုမ္ပဏီကိုလည်း ကျပ် ၆၄ သန်းဖြင့် ဝယ်ယူသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ရှယ်ယာများဝယ်ယူပြီးပါက ဘရူဝါရီကုမ္ပဏီများတွင် ဂျပန်ကုမ္ပဏီကီရင်၏ ပိုင်ဆိုင်မှု အကျိုးခံစားခွင့်များကို ရပ်စဲသွားမည်ဟုဆိုသည်။
ဂျပန်ကီရင်ကုမ္ပဏီက မြန်မာနိုင်ငံရှိ ဘီယာလုပ်ငန်းများကို ဒေါ်လာ ၁၆၄ သန်းဖြင့်ရောင်းချမည်ဟု၂၀၂၂ ဇွန်လ ၃၀ ရက်က ထုတ်ပြန်ထားသည်။
မြန်မာဘီယာထုတ်လုပ်နေသည့် ဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၅၆၀ဖြင့် ဂျပန်ကီရင်ကုမ္ပဏီက ၂၀၁၅ခုနှစ်တွင် စစ်အုပ်စုထံမှဝယ်ယူခဲ့ခြင်းဖြစ်သည်။စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို မြန်မာဘီယာက ထိန်းချုပ်ထားခြင်းဖြစ်သည်။ သို့သော် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ် ဘီယာအားလုံး ပြည်သူများကသပိတ်မှောက်ခြင်း ၊တော်လှန်ရေူအင်အားစုများကရောင်းချခွင့်မပြု ခြင်းကြောင့် ရောင်းအားထိုးကျသွားကြောင်းဈေးကွက်အတွင်းမှသိရသည်။
ဘရူဝါရီကုမ္ပဏီ၏ အစုရှယ်ရှယ်များ ကီရင်ထံမှ ပြန်ဝယ်ယူပြီးပါက ကုမ္ပဏီမှာယခင်ကကဲ့သို့ စစ်အုပ်စုရာနှုန်းပြည့်ပိုင် ဖြစ်သွားမည်ဖြစ်သည်။
