မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ခြေအများအပြား မီးလောင် ကျွမ်းပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ၂၃ ရက် ညနေ ၃နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတွင်း မန္တလေးမြို့မှဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော ရေယာဉ်တစ်စီးအား စိန်ပန်းကုန်းကျေးရွာအနီး၌
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့နောက် နောက်တစ်ရက် ဒီဇင်ဘာ၂၄ ရက်တွင် စစ်အုပ်စုက အနီးရှိ စိန်ပန်းကုန်းရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဒေသခံတစ်ဦးကိုလည်း ဒရုန်းဖြင့်တိုက်ခဲ့သည့် ဖြစ်စဥ်ပါဝင်သော PDFဟုဆိုကာ ဖမ်းဆီးထားကြောင်း ဒေသခံက ပြောသည်။
“ထိခိုက်မှု အတိအကျမသိရလို့သာ။ အဲဒီနားက ရွာလည်းမီးပတ်ရှို့နေတာ။ စိတ်ဆိုးနေကြတာ။ ဖမ်းထားတဲ့တစ်ယောက်ကလည်း အဖွဲ့ထဲက မဟုတ်ဘဲ ပြည်သူတွေထဲကလည်း ဖြစ်နိုင်တယ်။”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
