မိုဆိုကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက် မီးရှို့သတ်ဖြတ်မှု (၁)နှစ်ပြည့်မြောက်ပြီဖြစ်ရာ အစဥ်အမြဲ အောက့်မေ့သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ မိုဆိုကျေးရွာတွင် ၂၀၂၁ ဒီဇင်ဘာ ၂၄ရက် ခရစ္စမတ် အကြိုနေ့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား အစုလ်ိုက်၊ အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာဖြစ်စဥ်မှာ ယနေ့ (၁)နှစ်တိုင်ခဲ့ခြင်းဖြစ်သည်။
မိုဆိုကျေးရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအားဖမ်းဆီးပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအား သွေးအေးအေးဖြင့် မီးရှို့သတ်ဖြတ်ခဲ့သလို အခင်းဖြစ်ပွားစဥ် လာရောက်ဖြန်ဖြေတားဆီး ရန်ရောက်လာသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် လေးဦးကိုလည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့သည်။
ထိုဖြစ်စဥ်အတွင်း မြေစာပင်ဖြစ်ခဲ့ရသော ပြည်သူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူဆွေးကြေကွဲရကြောင်း KNDFက ပြောသည်။
မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။
အစုအလိုက်အပြုံလိုက်သတ်ဖြတ်ကာ လူမဆန် သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆)လက်အောက်ခံ ခမရ (၁၀၈)ဓနုဖြူတပ်ရင်းအပါအဝင် အကြမ်း ဖက်စစ်ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်း လှန်သွားမည်ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊မျှတစွာနေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိကြောင်းလည်း KNDFက ကတိပြုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ အရှင်လတ် လတ် မီရှို့သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူ ၄၀ ကျော်နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရသော (၁၀၀၄)တပ်ရင်းမှ နယ်ခြားစောင့်တပ်သား လေးဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများဖြစ်သဖြင့် KNDFမှ ယခုဖြစ်စဥ်အား အစဥ်အမြဲ အောက့်မေ့သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“ဒီတော်လှန်ရေးကာလ တစ်လျှောက်လုံးမှာကျွန်တော်တို့ ကရင်နီတစ်မျိုးသားလုံး အပါ အဝင်လူသားတိုင်းအတွက် မိုဆိုကျေးရွာရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ကို ဘယ်တော့မှမေ့ရမှာမဟုတ်သလို အကြမ်းဖက်စစ်တပ်ကို ဘယ်လိုအခြေအနေမျိုးမှာမှခွင့်လွှတ်ပေးလို့ရမှာ မဟုတ်ဘူး”ဟု ကရင်နီဒေသခံ တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယခုလ ၃ ရက်က ဒီးမော့ဆိုမြို့တိုက်ပွဲတွင်တပ်မ (၆၆)လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းမှ တပ်သားလေးဦးနှင့် လက်နက်ခဲယမ်းများကို KNDFက ဖမ်းမိရရှိခဲ့သည်။
