စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်၊ပျူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် တန့်ဆည်မြို့နယ်ရှိ ငတန်း ၊ ရွှေလံ ၊ တပ်သစ် ၊ ရွာဘူကြီး ၊ ကလဇင် ၊ ပေကုန်းနှင့် စည်းမကျေးရွာများအား မီးရှို့ဖျက်ဆီး၍ အောင်သာယာရွာသို့ ကာဘိုးမူးမှ တဆင့်ကူးနေစဥ် နံနက် ၁၁ နာရီကျော်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
၄၇ မိနစ်ခန့်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူဘက်ကလည်း စက်လက် ၊RPG ၊ (၆၀) မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စစ်သားနှင့် ပျူ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိသည်ဟု MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို MDF-Hydra Force နှင့် NCG (မြောက်ပိုင်းမဟာမိတ်)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုက်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်အုပ်စု၏ အထိအခိုက်အခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။
