NLD အစိုးရ ရဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၂ နှစ်ပြည့်ခါနီးမှာ မန္တလေး အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၃ ) ရက်က ထောင်ချလိုက်တာလို့သိရပြီး ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲထားတာပါ။
ဒါကြောင့် ထောင်ဒဏ် နှစ် ၂၀ ချရာမှာ ဘယ်ပုဒ်မတွေ ထပ်တိုးထားလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးဘိုဘိုငယ်ကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်။
ဦးဘိုဘိုငယ်ဟာ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်အောင်လုပ်ဆောင်ခဲ့သူဖြစ်ပြီးအကျင့်ပျက်ခြစားတာ တိုက်ဖျက်သူလို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အင်းစိန်ထောင်ကနေ လွတ်မြောက်သွားတဲ့ စီးပွားရေးပညာရှင် ရှောင်လ်တာနယ်က မီဒီယာကိုပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် ဦးဘိုဘိုငယ်ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီဟာ ဖမ်းဆီးပြီးတစ်နှစ်ကျော်ကြာချိန်မှ ဦးဘိုဘိုငယ်ကို အဂတိပုဒ်မနဲ့တရားစွဲထားတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တာပါ။
ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ်မှာ တာဝန်ယူချိန် နိုင်ငံသုံးငွေစီမံခန်ခွဲရေးဌာနကိုကြီးကြပ်ရသူဖြစ်ပြီး နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ ဘဏ်တွေရဲ့ ငွေလွှဲပြောင်းတာတွေကို ကြီးကြပ်မှုအားနည်းလို့ နိုင်ငံဘဏ္ဍာအခွန်ငွေ ထိခိုက်တယ်ဆိုကာ စစ်ကောင်စီက တရားစွဲထားပါတယ်။
စစ်ကောင်စီဟာ ဦးဘိုဘိုငယ်ကို အကြောင်းမရှိ အကြောင်းရှာ အမှုတပ်တာလို့ ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းထဲကအချို့က မီဒီယာကိုအမည်မဖော်ဘဲဖြေထားကြပါတယ်။
