▪︎ဖမ်းဆီးခံရသော ဘဏ်မန်နေဂျာ၏ဖေစ်ဘွခ်အကောင့်တွင် တော်လှန်ရေးပိုစ်များဆက်တိုက်တင်နေ
စစ်ကောင်စီ၏ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးတို့ KTV တွင် သီချင်းဆိုနေစဥ် လူတစ်စုက ဖမ်းဆီးသွားကြောင်း ကလေးမြို့ခံများကပြောသည်။
ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးကို ကလေးမြို့ပေါ်ရှိ KTVတစ်ခုတွင် အမည်မသိလက်နက်ကိုင်များက ယမန်နေ့(ဒီဇင်ဘာလ ၁ဝရက်)ညတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
“KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်” ဟု ယင်းဖြစ်စဥ်ကို သိသော ဒေသခံတစ်ဦးကပြောသည်။
ဦးထွန်းထွန်းနိုင်သည် Tun Tun Naing အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူဖြစ်ပြီးဖမ်းဆီးခံရပြီးနောက်၎င်း၏အကောင့်တွင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်သော စာများရေးတင်နေသည်ကိုတွေ့ရသည်။
“သွေးကြွေးမှာဆွေးနွေးစရာမရှိ မ— မင်းအောင်လှိုင်” ၊ “အရေးတော်ပုံအောင်ရမည်” ၊”အမေစုကျန်းမာပါစေ” စသောစာများရေးသားတင်ထားသလို ၊ကလေးPDF လိုဂိုနှင့် ကလေးမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသော PDFအမျိုးသမီး ၉ ဦး၏ ဓါတ်ပုံကိုလည်းတင်ထားသည်။
“ဖမ်းသွားသူတွေက သူ့အကောင့်ကို ယူပြီး တင်နေကြတာ။ မင်းအောင်လှိုင်ကိုလည်းဆဲထားတယ်။မြို့မှာတော့ပွဲဖြစ်နေကြတယ်။ ရယ်နေရတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့တပ်ကြပ်တစ်ဦး ဖမ်းဆီးခံရသည့်သတင်းနှင့်ပတ်သက်၍ People’s Defence Force (Kalay) သို့မေးမြန်းရာမသိရှိသေးဟု ဖြေကြားသည်။
