မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ဘီယာဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို မနေ့က ဒီဇင်ဘာလ ၁၄ရက် မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြောက်ပြင်ရပ် ၇၇ လမ်း ၊၁၀ လမ်းနဲ့ ၁၁ လမ်းကြားမှာရှိတဲ့ မန်းရွှေရည် ဘီယာဆိုင်ကို မနေ့က မနက်ပိုင်း ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်ဟာအိမ်စီးကားတွေနဲ့ ရောက်ပါတယ်။
ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့အိမ်စီးကားပေါ်မှာ လည်း ရိုက်နှက်ခံထားရလို့လဲကျနေတဲ့ လူ ၁ ဦး ပါလာတာကိုကြားသိရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်ဟာ အဲဒီလဲကျနေတဲ့လူ ကို ဖမ်းဆီးရိုက်နှက်ပြီး လမ်းပြ ခိုင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
မနေ့ကဖမ်းဆီးလိုက်တဲ့ လူငယ် ၅ ဦးဟာ PDF တွေဖြစ်တယ်လို့စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေမှာတော့ သတင်းဖြန့်နေကြတာတွေ့ရပါတယ်။
