▪︎တစ်လအတွင်းဒီဇယ်ဈေး ၅၀ရာခိုင်နှုန်းကျော်၊ဓါတ်ဆီဈေး ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်
ပြည်တွင်းတွင်စက်သုံးဆီဈေးဆက်လက်မြင့်တက်နေပြီး ပရီမီယံဓါတ်ဆီတစ်လီတာလျှင်ကျပ် ၃၃၃၅ကျပ် အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။
“ဆီဈေးတက်တာကတော့ ဒေါ်လာဈေးကြောင့်တက်လာပဲ။ နောက်ပြီး ဒေါ်လာကလည်း ဈေးကွက်ထဲမှာ လိုသလောက်မရဘူး။ ရုရှားက ဆီတွေသယ်လာတာလည်း သယ်ယူစရိတ်ကြောင့် ဒီထက်ပိုပြီးဈေးတက်ဖို့ပဲရှိတယ်”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယနေ့(သြဂုတ် ၃၀ရက်) ဓာတ်ဆီအောက်တိန်း၉၂တစ်လီတာလျှင် ၂၅၇၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင်၂၆၃၅ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၃၂၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၃၃၅ ကျပ် အထိရှိလာသည်။
ဩဂုတ် ၁ ရက်က အောက်တိန်း ၉၂ တစ်လီတာလျှင်၁၈၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၈၉၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၃၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၉၅ကျပ်ရှိခဲ့သည်။ ထိုဈေးနှုန်းများသည် ရန်ကုန်ဈေးနှုန်းများသာဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် သယ်ယူစရိတ်ကြောင့် ဈေးပိုများသည်။
ထိုကြောင့် ဩဂုတ်လ တစ်လအတွင်းမှာပင် ဒီဇယ်တစ်လီတာလျှင် ၁၁၄၀ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် ၇၄၅ကျပ်ဈေးတက်လာခြင်းဖြစ်သည်။ တစ်နည်းအား တစ်လအတွင်း ဒီဇယ်တန်ဖိုးသည် ၅၀ ရာခိုင်နှုန်းကျော် နှင့် ဓာတ်ဆီတန်ဖိုး ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။
ထိုသို့ဈေးနှုန်းကြီးမြင့်လာသော်လည်း ဈေးကွက်အတွင်း စက်သုံးဆီကို လိုသလောက်ဝယ်မရဘဲ အကန့်အသတ်ဖြင့်သာဝယ်ရကြောင်းရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
နယ်မြို့များတွင်ဓာတ်ဆီတစ်လီတာလျှင်၃၀၀၀ကျပ်အထက်ဈေးပေါက်ပြီး စက်သုံးဆီလိုသဘောက်မရဘဲဆိုင်ကယ်နှင့်ကားများကို အကန့်အသတ်ဖြင့်သာရောင်းနေသည်။
“မြစ်ကြီးနားမှာဆိုရင် ဆိုင်ကယ်တစ်စီးကို တစ်လီတာနဲ့ ကားတစ်စီးကို ၃၀၀၀၀ ဖိုးလောက်ပဲရောင်းပေးတော့တယ်။ ဆီတဂါလံ(၄လီတာ)ကို တစ်သောင်းခွဲ၊နှစ်သောင်းပေးနေရပြီ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်များလည်းပိုမိုမြင့်တက်လာပြီးအခြေခံစားသောက်ကုန် ဈေးနှုန်းများကြီးမြင့်လာသည်။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကလည်း စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကုန်စည်သယ်ဆောင်ဈေးနှုန်းများကို မြှင့်တင်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ထားသည်။
