▪︎ပြည်သူများအားဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေ
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကုလားရွာကျေးရွာတွင်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဥ်နွားကလိုက်ဝှေ့၍ စစ်သားများထွက်ပြေးခဲ့ရကြောင်းဒေသခံများက ပြောသည်။
ယမန်နေ့(သြဂုတ်လ၇ရက်နေ့)က ဝမ်းတွင်းမြို့နယ် ကုလားရွာကျေးရွာတွင် အကြမ်းဖက်စစ်တပ်က နေအိမ်တစ်အိမ်မှ ဆိုင်ကယ်၂စီးနှင့် အိမ်အတွင်းပစ္စည်းများမီးရှို့ဖျက်စီးခဲ့သည်။ ထို့နောက်ထိုအိမ်ရှိနွား၂ကောင်အားရှို့ရန်ပြင်ဆင်နေစဥ်တစ်ကောင်ကလိုက်ဝှေ့၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးကြခဲ့ကြောင်း ဒေသတွင်းသတင်းများဖော်ပြပေးနေသော Voice Of Wundwin အဖွဲ့ကပြောသည်။
“နွားကအဲ့ကောင်တွေ(စစ်ကောင်စီတပ်)ကိုလိုက်ဝှေ့တာ။ အဝှေ့မခံရဘူး။ ပတ်ပြေးနေတာ။ အဲဒါနဲ့မရှို့ရဲကြလို့ အဲ့နွားကိုထားခဲ့ပြီး စခန်းကိုလာပို့ခိုင်းတာအဲ့ရွာကရွာသားကို။ ။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

ထိုနွားများအား အိမ်ရှင်က ပင်းတလဲ ရဲစခန်းသို့ သွားပို့ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။
ထို့အပြင်အကြမ်းဖက်စစ်တပ်သည် ဝမ်းတွင်းနယ်အတွင်း ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့်ဇူလိုင်လ၁၇ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကျေးရွာအတွင်းနေအိမ်များရှိပစ္စည်းများဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများနှင့် နွား၄ကောင်အား သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယခုလက်ရှိဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၊ ရဲနှင့်ပျူစောထီးများပေါင်း၍နည်းလမ်းပေါင်းစုံနှင့်ငွေရအောင်လုပ်နေကြောင်း၊မြို့ပေါ်လမ်းများတွင်လည်း နေ့စဉ်ကားများဆိုင်ကယ်များကိုတား၍ အနည်းဆုံး၃၀၀၀ကျပ်မှ ၃၀၀၀၀ကျပ် ဒဏ်ကြေးခေါင်းစဉ်တပ်ကာ ငွေတောင်းနေကြောင်း ဒေသခံများက ပြောသည်။
“PDF တွေရဲ့သဲလွန်စမရရင်တောင်ငွေရရမယ်ဆိုတာမျိုးနဲ့ Facebook မှာlikeပေးတာနဲ့တင်အကြောင်းအမျိုးမျိုးပြကာငွေရှာခြင်းများပြုလုပ်နေကြတယ်။ အဖမ်းဆီးတွေလည်းများတယ်။ ဖမ်းလိုက် ငွေတောင်းပြီးပြန်လွှတ်လိုက်လုပ်တာတွေမနည်းတော့ဘူး။”ဟု Voice Of Wundwin အဖွဲ့က ပြောသည်။
ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။
