စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွာသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နယ်မြေဒေသခံ များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့ရ သည်။
ယနေ့(သြဂုတ်၈ရက်) ညနေ ၄နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာသာရွာမှ အင်အား၂၅ ဦးခန့်ပါ စစ်ကောင်စီစစ်တပ်သည် စက်လှေငယ် နှစ်စီးဖြင့် မြစ်တစ်ဖက်ကမ်း ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာသ်ို့ ကူးလာခဲ့သည်။
အဆိုပါအဖွဲ့မှ ၁၂ဦးသည် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကာ အရှေ့ဘက်ကမ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း Tiger King အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၅ လုံး ၊ နွားစာတဲ ၂ လုံး ၊ မီးဖိုဆောင် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်။ထို့အပြင် ညနေ ၄နာရီ ၃၅မိနစ်ခန့်တွင် နယ်မြေခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြပြီး အခြားအိမ်များသို့ မီးကူးခဲ့ခြင်း မရှိကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့သည့် Tiger King အဖွဲ့ တာဝန်ရှိသူက “စကစတွေက ဒီဘက်နယ်မှာ အင်အားက တိုးထားတယ်။ သင်္ဘော ၆စီး မန္တလေးဘက်ကတက်လာတယ်။ တိုက်ပွဲလည်းမဖြစ်ပါဘူး အဲရွာက။ မြစ်တကြောကတော့ မကြာခဏဆိုသလို ဝင်မွှေတက်ပါတယ်ဗျ။”ဟု ပြောသည်။

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။
စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့ရှိ ဧရာဝတီမြစ်တွင်း ကျွန်းပေါ်ကျေးရွာများနှင့် မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်များရှိ မြစ်ဘေးကျေးရွာများကို မကြာခဏ ဝင်ရောက်အကြမ်းဖက်မှုများ ပြုလုပ်နေသည်။
