မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် ခြင်းခတ်နေသော အကြမ်းဖက်အုပ်စုအား လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင်လေးဦးသေဆုံးကြောင်း နွားထိုးကြီး PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၇ ရက် ညနေ ၅ နာရီခန့်က နွားထိုးကြီးမြို့လယ်တွင်ရှိသော ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြင်းခတ်နေကြရာ ၎င်းတို့အား လက်နက်ကြီးဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု မျက်မြင်ပြည်သူများထံမှ သိရကြောင်း နွားထိုးကြီး PDF အဖွဲ့က ဆိုသည်။
ဒဏ်ရာရထားသူ ငါးဦးမှာလည်း အသက်အန္တရာယ်ထိခိုက်နိူင်သည့်အခြေအနေတွင်ရှိသည်ဟု အတွင်းသတင်းအရ သိရကြောင်း နွားထိုးကြီး PDF အဖွဲ့က အသိပေးသည်။
ဖြစ်စဥ်များနှင့်ပတ်သက်ပြီး နွားထိုးကြီး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
နွားထိုးကြီး PDF အဖွဲ့သည် ဇူလိုင် ၂၉ရက်ကလည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။
