‘စမှတ်‘ဇာတ်လမ်းတိုရုပ်ရှင်အတွက် ၅ ရက်အတွင်း လက်မှတ်ရောင်းရငွေ ကျပ်သိန်း လေးထောင်ကျော်ရရှိခဲ့ကြောင်း သရုပ်ဆောင် ချစ်သုဝေက အသိပေးထားသည်။
“စမှတ်” ရှိသမျှလေးနဲ့ဖြစ်အောင်ဖန်တီးပုံဖော်ကြတယ်။ရှိသမျှအားတွေနဲ့ တလငွေ ကိုရှာကြတယ် ။အခု ၅ရက်တာအတွင်း တလငွေ…သိန်းပေါင်း ၄၀၀၀ ရသွားအောင် အကြိုpremium ticketဝယ်ယူအားပေးကြတဲ့ ပြည်သူ့အားကို အမှီလိုက်ဖို့ စ မှတ် team ၁ခုလုံး သူ့တာဝန်နဲ့သူ နေ့မနား ညမအိပ်ကြိုးစားခဲ့ကြတယ် “ဟု ချစ်သုဝေက ရေးသားထားသည်။
စမှတ်ဇာတ်ကားကို ဇာတ်ညွှန်း ၊ဒါရိုက်တာအဖြစ် အဆိုတော် လင်းလင်းက ဖန်တီးထားပြီး သရုပ် ဆောင် ဒေါင်း နှင့်ချစ်သုဝေ တို့ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားကို ကြိုတင်လက်မှတ်များရောင်းချ၍ ပထမဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၈ရက် နံနက် ၈ နာရီတွင် ကြည့်ရှုနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“premium ticket ပထမရုံတင်ရက် လက်မှတ်မရလိုက်သူတွေအားလုံးအတွက် ဝယ်ရတာ လွယ်ကူအောင်သေချာထပ်မံပြင်ဆင်ပြီး ပြန်လည်ရောင်းချမယ့်ရက်ကို ကြေငြာပေးသွားပါမယ်နော်”ဟု ချစ်သုဝေက ထပ်မံအသိပေးထား သည်။
“လက်သီးဆုပ်ပြီး အဓိဌာန်သစ္စာပြုတဲ့ နောက်ဆုံးခန်းလေးက ရင်ထဲမှာ လှိုက်ပြီး ဝမ်းနည်းလွန်းလို့ အရမ်းငိုမိပါတယ်ရှင် ။ စကားလုံးလေးတွေက အားအင်တွေလည်း ဖြစ်လို့လည်း အဲ့နေရာလေးကို အကြိမ်ကြိမ်ပြန်ကြည့်မိပါတယ်”ဟု ပရိသတ်တစ်ဦးက ဇာတ်ကားနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။
ယင်းဇာတ်ကားကို ကြည့်ရှုလိုသူများသည် မြန်မာကျပ် သုံးသောင်းဖြင့် ရုပ်ရှင်လက်မှတ်ဝယ်ယူရမည်ဖြစ်ပြီး ၎င်းတို့သတ်မှတ်ထားသည့် ရက်တွင် ပေးထားသည့် လင့်ခ်၌ ကြည့်ရှုနိုင်မည်ဖြစ်သည်။
တော်လှန်ရေး ရန်ပုံငွေရရှိရန် လက်မှတ်ရောင်း၍ ပြသခြင်းဖြစ်သောကြောင့် ဇာတ်ကားပြသပြီးချိန်၌ အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခြင်းမရှိစေရန် လင်းလင်းက ကြိုတင်မေတ္တာရပ်ခံခဲ့သည်။
