စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ လက်ဝေခံ ရှမ်းနီတပ်ဖွဲ့(SNA)က ပြည်သူတစ်ဦးအား ပစ်ခတ်ဖမ်းဆီးသွားခြင်း လုပ်ရပ်အား တာဝန်ခံရမည်ဖြစ်ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတိပေးထုတ်ပြန်သည်။
ဗန်းမောက်မြို့နယ် မံစီကြီးရွာနေကိုကျော်သက် ဆိုသူအား SNAက ယမန်နေ့ (ဩဂုတ် ၈ရက်) တွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်တွင် SNAသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံဖြစ်နေပြီး ဌာနေရှမ်းနီပြည်သူများ၏ ဘဝ မလုံမခြုံဖြစ်နေရကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြသည်။
ယခုကဲ့သို့ လူမဆန်စွာပစ်ခတ် ဖမ်းဆီးခြင်းကို ဗန်းမောက် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဖမ်းဆီးခံပြည်သူအတွက် SNA မှအပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။
SNAသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ရှိနေရာ ဩဂုတ် ၈ရက်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်မှ SNA တပ်စခန်းနှင့် စစ်ကော်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
