ဒီမိုကရေစီစနစ်အား လိုလားတောင့်တ မျှော်မှန်းနေကြသည့် မြန်မာပြည်သူ ပြည်သားများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၊ ထောက်ခံအားပေးသွားမည်ဟု ကနေဒါသံရုံးက ထုတ်ပြန်သည်။
ယနေ့ကျရောက် (၃၄) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ကနေဒါက ၎င်းတို့၏ ရပ်တည် ချက်ကို ထပ်မံအသိပေးခြင်းဖြစ်ပြီး ဒီမိုကရေစီ ထောက်ခံဆန္ဒပြပွဲများ၌ ကျဆုံးခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ နှင့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို ချီးကျူးဂုဏ်ပြုပြီး အောက်မေ့သတိရကြောင်းဖော်ပြသည်။
မိမိတို့၏ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းပိုင်ခွင့် စသည်တို့အတွက် ဆောင်ရွက်ကြရင်း ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံခဲ့ရသူတို့အတွက်လည်း ဝမ်းနည်းပူဆွေးပြီး ယခင်နှင့် ယခု အချိန်အထိ လွတ်လပ်၍ အေးချမ်းသာယာသော နိုင်ငံတော် အတွက် ကြိုးပမ်းနေကြသူအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ဖော်ပြသည်။
ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
