ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲမှာဖြစ်ပွားခဲ့တာပါ။
ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။
အဲ့ဒီနေ့မနက်(၅)နာရီအချိန်ကလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရှိရပဲ KNLA ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ကေအဲန်ယူကဆိုပါတယ်။
ပြီးခဲ့တဲ့မေလကစပြီး ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေထိုင်တဲ့နေရာနဲ့ လုပ်ကိုင်စားသောက်တဲ့နေရာကို လက်နက်ကြီး၊လက်နက်ငယ်ပေါင်းစုံနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူလူထုဦးရေ (၁၆၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
