တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း
အကြမ်းဖက်စစ်ကောင်စီက ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဥ်းသားလေးဦးအား သေဒဏ်စီရင်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုံ့ချကြောင်း မန္တလေး ဗဟိုအကျဥ်းထောင်မှ ဒီမိုကရေစီဘက်တော်သားများကသဘောထားထုတ်ပြန်လိုက်သည်။
လက်ရေးမူဖြင့်ရေးသားထားသော ဇူလိုင် ၂၉ ရက်စွဲပါစာတွင် အထက်ပါအတိုင်း ဖော်ပြထားပြီး ဆိုးယုတ်သည့် စစ်အာဏာရှင်စနစ်အားအပြီးသတ်ချေမှုန်းဖယ်ရှားရန် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးက စည်းလုံးညီ ညွတ်စွာ အတူလက်တွဲတော်လှန်ကြရန်နှင့် တော်လှန်ရေးအရှိန်မြှင့်ကြရန် တိုက်တွန်းသည်။

တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် တောင်တွင်းရောက်ကျွန်ုပ်တို့အနေဖြင့်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပြီး တော်လှန်ရေးအောင်မြင်သည်အထိ ရင်ဆိုင်တွန်းလှန်သွားမည်ဟု ကတိသစ္စာပြုကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့အတွက် အသက်ကိုမငဲ့ကွက်ဘဲ ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့်လမ်းခုလပ်၌ကျဆုံးခဲ့ရသောအာဇာနည်ရဲဘော်အပေါင်းအားအစဉ်ထာ၀ရ လေးစားဂုဏ်ယူ ဦးညွှတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေသော ရက်စက်သည့် နည်းလမ်း များဖြင့် စစ်ကြောခြင်း၊ ဖိနှိပ်မှုများစွာဖြင့် ထောင်သွင်းအကျဉ်းချခြင်း၊ ဖြစ်စဉ် တစ်ခုတည်းအပေါ် ပုဒ်မပေါင်းများစွာဖြင့်မလျော်မကန် တရားစွဲဆိုခြင်း၊ လုံလောက်သော တရားဥပဒေဆိုင်ရာ ခုခံကာကွယ်ပိုင်ခွင့်မရရှိခြင်း၊ အများပြည်သူရှေ့မှောက် ပွင့်လင်းမြင်သာစွာ စီရင်မှုမရှိခြင်းတို့သည် လူသားတို့၏ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံရပြီး မတရားစီရင်ရေးစနစ်ဖြစ်ခြင်းကို ဖော် ပြနေကြောင်း ထုတ်ပြန်ထားသည်။
