ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့အဝင် အဝေးပြေးလမ်းမကြီးကို စစ်ကောင်စီက ယနေ့(သြဂုတ် ၈ ရက်) ပိတ်ဆို့စစ်ဆေးနေ၍ ကားအစီးရေ ရာနှင့်ချီပိတ်မိနေ သည်။
ရန်ကုန်တိုင်းသို့ အဝင်နေရာဖြစ်ပြီး အောင်မင်္ဂလာဝေးပြေးဂိတ်နှင့် မလှမ်းမကမ်းတစ်နေရာတွင် ကားတစ်စီးချင်းကို စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းနေရာတွင် ရန်ကုန်တိုင်းသို့ဝင်မည့် ခရီးသည်တင်ကား၊ အိမ်စီးကားနှင့် ကုန်တင်ကားများ အစီးရေ သုံးရာခန့်ပိတ်မိနေသည်ဟု မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။
“၈ လေးလုံးနေ့မို့လား၊ ဒါမှမဟုတ် ဘာသတင်းရလို့လဲတော့ မသိဘူး။လမ်းကို ပိတ်ဆို့စစ်နေတာ တစ်နာရီလောက်ကားပိတ်ခဲ့တယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်တယ်”ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ထဲတွင်လည်း ယနေ့စစ်ဆေးရေးတင်းကြပ်နေပြီး ခရီးသည်အချို့၏ အိတ်များကို ဖွင့်ဖောက်စစ်ဆေးနေသည်ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။
“ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး” ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။
