တရုတ်နိုင်ငံမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက သံအမတ် ဦးမျိုးသန့်ဖေဟာ မနေ့က ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ကူမင်းမြို့မှာ ဒေသစံတော်ချိန် ၁၂နာရီ ၃၃ မိနစ်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတာကို ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဝမ်းနည်းကြောင်းထည့်ထားတာတွေ့ရပါတယ်။
ဦးမျိုးသန့်ဖေနဲ့နီးစပ်သူတွေရဲ့ဖေ့ဘွတ်ခ်မှာ ဝမ်းနည်းကြောင်းရေးသားချက်တွေအရ အစည်းအဝေးတစ်ခုကို အသွား ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားတာလို့သိရပါတယ်။ သေဆုံးသွားသူ ဦးမျိုးသန့်ဖေဟာ နှလုံးရောဂါခံရှိတယ်လို့လည်း အသိတွေက ရေးသားထားကြပါတယ်။
ဦးမျိုးသန့်ဖေဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အတွင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စု သြဇာခံ တရုတ်သံအမတ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။
