တန့်ဆည်နယ် ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် လက်နက်အပြည့်အစုံဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(သြဂုတ် ၆)တွင် ထုတ်ပြန်သည်။
ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် ၎င်းကိုင်ဆောင်သည့် G3 သေနတ်တစ်လက်၊ ကျည်ဆံ ၃၈၀၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်အတူ TPC (ရွှေဘို ခရိုင် တပ်ရင်း ၂၅)ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ ရဲတပ်သားဇင်သူအောင်ကို TPC တပ်ဖွဲ့မှ ကျပ် သိန်း (၇၀)အား ဆုကြေးငွေအဖြစ်ထောက် ပံ့ခဲ့ပြီး လုံခြုံသည့်နေရာတစ်ခုတွင် ထားရှိကြောင်းလည်း အသိပေးသည်။
“CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ”ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ရဲတပ်သား ဇင်သူအောင်သည် မိတ္ထီလာအခြေစိုက် အမှတ် (၃၅) ရဲတပ်ရင်းမှဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ယခုကဲ့သို့ ပြည်သူ့ဘက်ပူးပေါင်း၍ CDM ဝင်ရောက်ခြင်းအပေါ် ပြည်သူများနှင့်အတူ TPC တပ်ဖွဲ့မှ ဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။
