ရွှေဘိုဆိပ်ခွန်ရွာရှိရဲစခန်းအားယမန်နေ့ညနေပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(သြဂုတ်လ၂ရက်) ညနေ ၃နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆိပ်ခွန်ရဲစခန်း တွင် အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများအား ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၃) နှင့် တိုက်နယ် ၂ ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး ၄၀မမ လက်နက်ကြီးများဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။
အကြမ်းဖက်စစ်တပ်ဘက်ကသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုရှိ ၊မရှိကိုမူမသိရသေးပေ။
ရွှေဘိုမြို့အနောက်ဘက်ရှိ ဆိပ်ခွန်ရွာသည် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏခံခဲ့ရသော ကျေးရွာတစ်ရွာဖြစ်သည်။
