ရဲလေးဦးသေဆုံးဟု ဒေသခံပြော
မြစ်ကြီးနားမြို့မှ စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခု ယနေ့(သြဂုတ် ၆ရက်) နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ရဲလေးဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းရှိ အမှတ်(၃)ရဲစခန်းဂိတ်ကို ရဲယူနီဖောင်းဝတ်ထားသူလေးဦးက နံနက် ၆ နာရီခန့်တွင် ရုတ်တရက် စီးနင်းတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
“ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲွေးလေးကောင်သေတာ ကျိန်းသေတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းအား စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ၍ ပိတ်ထားသည့်မှာ လအနည်းငယ်ကြာနေပြီဖြစ်သည်။ ညဖက်ဖြတ်သန်းခွင့်မပေးဘဲ နေ့စဉ် နံနက်၆နာရီမှသာ ဖြတ်သန်းခွင့်ပြုထားသည်။
” ဂိတ်ဖွင့်ဖွင့်ချင်း ဝင်တိုက်သွားတာ။ လေးယောက် သေတဲ့အပြင် ဒဏ်ရာရတဲ့ ရဲတွေလည်း ရှိတယ်” ဟု ယင်းဂိတ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။
သို့သော် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။ ကချင်ပြည်နယ်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
