ပြည်သူများ အနေဖြင့် မြိုင် – ပခုက္ကူလမ်းအား သွားလာခြင်း လုံး၀ မပြုလုပ်ရန်သတိပေး မေတ္တာရပ်ခံ ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ နေ့လည်ပိုင်း၌ အရေးပေါ်ထုတ်ပြန်သည်။
မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကိုဖော်ပြမထားသော်လည်းမြိုင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်။
ယမန်နေ့ ဩဂုတ် ၅ရက်က မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီတပ်ကို မြိုင်ဂေါက်ကွင်းအနီးတွင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်သည်မြိုင်မြို့နယ် ကျောက်ဆောက်ရွာအားမီးရှို့ပြီးပြန်အလာတွင်မိုင်းဆွဲခံရခြင်းဖြစ်ပြီးထိခိုက်သေဆုံးမှုအခြေအနေကိုမသိရသေးပေ။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ဩဂုတ် ၄ရက်ကမြိုင်မြို့နယ် ကျောက်ဆောက်ရွာသို့ရဟန်းသံဃာအယောင်ဆောင်၍ဝင်ရောက်လာကာပြည်သူများကိုဖမ်းဆီးခဲ့ကြောင်းမြိုင်ပကဖ က ထုတ်ပြန်ထားသည်။
ထို့သို့သံဃာတော်များကိုအတုအယောင်ပြု၍လုပ်ဆောင်ခြင်းအားပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာတော်များအနေဖြင့် မြိုင် – ပခုက္ကူလမ်းအား အသုံးမပြုစေလိုကြောင်း၊အဆိုပါ လမ်းကို ဖြတ်သန်းသွားလာမှုအား ရှောင်ကျဉ်ပေးပါရန်လျှောက်ထားကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
