စစ်ကောင်စီတပ်၏အကြမ်းဖတ်သတ်ဖြတ်မီးရှို့ခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူနယ်စပ်တွင် ဒုက္ခသည်ပေါင်း သောင်းချီရှိနေပြီး အကူအညီများလိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။
ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ထိုဒေသ၌စစ်ဘေးရှောင်နှင့်မီးဘေးဒုက္ခသည်တစ်သောင်းနီးပါးရှိကြောင်း၊ သောက်သုံးရေ၊ ဆေးဝါး၊ မိုးကာနှင့် ဆန်များ ဆက်လက် လိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။
ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) သီးသန့် ခေါင်းစဉ်ဖြင့် အလှူခံပြီး ပို့ပေးခဲ့ကာ ထမင်းထုတ် (၁၀၀၀)နှင့် ဆန်အိတ် (၁၅) အိတ် ပေးပို့၍ ကနဦး ကူညီပေးခဲ့သည်။

“၁၂သိန်းဖိုးနီးပါး ပြည်သူလူထု ကူညီမှုဖြင့် KURDAF ဆောင်ရွက်နိုင်ခဲ့ပါတယ်။”ဟု KURDAFအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဆက်လက်ပြီး ဒေသခံ ၊ စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUG Pay (kurdaf*nugpay.app) အကောင့် ကို လှူဒါန်းနိုင်ကြောင်း KURDAF အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာ ကြားတွင် စစ်ဘက်သုံး ရဟတ်ယာဉ် ဖြင့် အကြမ်းဖက်စစ်သားများပို့ခြင်း နှင့် Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုစစ်ကြောင်းနှင့် တည့်တည့်တိုးသော သာဝတ္ထိကျေးရွာက ပြည်သူတစ်ဦး သတ်ဖြတ်ခံရပြီး အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူနယ် ကျီစုရွာကို ဆက်လက် စစ်ကြောင်းထိုးခဲ့သည်။
ကျီစု ကျေးရွာတွင် သတ်ဖြတ်ခံရသူ စုစုပေါင်း ပြည်သူ အလောင်း (၄၀)နှင့် အထက်ရှိသည်ဟု သိရပြီး အိမ်ခြေပေါင်း (၃၀၀) နီးပါး မီးရှိုခံခဲ့ရပြီး သတ်ဖြတ်ပြီးသော အလောင်းများကို အိမ်များထဲတွင် ထည့်သွင်းကာ မီးရှို့ပစ်ခဲ့ကြကြောင်း KURDAFအဖွဲ့က ပြောသည်။
