တိုက်ပွဲများ တစ်လကျော်ကြာ ဖြစ်ပွားနေသည့် မြ၀တီမြို့နယ် ဝေါ်လေဒေသ ရောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦးသည် ကော်ဘရာစစ်ကြောင်းသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)မှ စစ်သည် လေးဦးသည် သြဂုတ် ၃ရက်က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကော်ဘရာစစ်ကြောင်းသည် CDM ပြုလုပ် ခိုလှုံလာသောစစ်သည်များအား လုံခြုံဘေးကင်းသော နေရာ၌ နေထိုင်သွားလာ၊ စားဝတ်နေရေး၊ လုံခြုံရေး အဆင်ပြေစေရန် ကောင်းမွန်စွာ စီမံထားရှိ ထားပါကြောင်း သတင်းထုတ်ပြန်သည်။
ထပ်မံ၍ ပြည်သူ့ရင်ခွင် ခိုလှုံလာသော အခြားစစ်သည်များ၏ အခြေအနေအား လုံခြုံရေးအရ စိတ်ချရသော အချိန်များတွင် အလျင်းသင့်သလို သတင်းထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားပြီး CDM ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့်လည်း Cobra Column Facebook Pageအား ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြထားသည်။
