လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ဝင်ရောက် လာသည့် စစ်သားနှင့် ရဲများကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဇွန်လ ၈ရက်က လွတ်မြောက်နယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲတွင်ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်ကြီးနှင့် စစ်သား နှစ်ဦးတို့ကို ဆုငွေများချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက် (၂)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ် ၂၄၅၀၀၀၀ ကျပ် ပေးအပ်ခဲ့ပြီး ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သား တစ်ဦးကို ၂၁သိန်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် MA-1 (၁)လက်၊ ကျည်အိမ်(၃)ခု၊ ကျည်(၇၈) တောင့်၊ ကျည်ကာအင်္ကျီ(၁)ထည်၊ ယူနီဖောင်း(၁) စုံ ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သားတစ်ဦးကို ၁၈ သိန်းကျပ် ပေးအပ်ခဲ့ပြီး လက်ပစ်ဗုံး ၂ လုံး၊ M 22 ကျည် (၃)တောင့်၊ 9 mm ကျည် (၁)တောင့်၊ 7.62 ကျည် (၁၄)တောင့်ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲတပ်ကြပ်ကြီးတစ်ဦးကို ကျပ် ၅သိန်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ပြည်သူ့သားကောင်း တပ်သားနှင့်ရဲသားများကို ဥပဒေများဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့သော တပ်သားများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရန် ဆက်လက်စီစဉ်နေကြောင်း အသိပေးထားသည်။
