NUGကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း The Australian Greens ပါတီကြေညာ
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရုံးခန်းတည်ရှိရာ မြို့တော်ကင်ဘာရာ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများ၊ နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီး၊ ဩစတြေးလျ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းခဲ့ကြောင်း ဩစတြေးလျကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။



NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တရားရေးဝန်ကြီး ဦးသိန်းဦးတို့၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ဩစတြေးလျလွှတ်တော်အမတ်များ၊ CRPH/NUG Support Group (Australia)၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းပြောကြားခဲ့သည်။



ထို့အပြင် မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
