ဒေသခံပြည်သူ သုံးဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူ သုံးဦး ထိမှန်ကာ ဒဏ်ရာရရှိထား ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(သြဂုတ်၅ရက်) နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက် စစ်ကောင်စီတပ်သည် စဥ်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဘက်မှ ဧရာဝတီမြစ် အတိုင်း မော်တော်ကြီးတစ်စီး၊ စက်လှေအသေးသုံးစီးဖြင့် စုန်ဆင်းလာခဲ့သည်။
မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ ငါးပါတ်ချောင်း၊ကမ်းဖြူနှင့် အင်ဒေါင်း စသည့် ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သည်။


ထိုသို့ပစ်ခတ်မှုကြောင့် အင်ဒေါင်းကျေးရွာက ဒေသခံပြည်သူ သုံးဦး လက်နက်ကြီးထိမှန်ခဲ့ကာ မစိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ပြောသည်။
ယခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သည် စဥ့်ကူးမြို့နယ်၊ ကြက်တူရွှေး ကျေးရွာ ဘက်သို့ရောက်ရှိကာ တပ်စွဲထားကြောင်း၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ဗိုလ်ကျားကြီးက အသိပေးသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ အမှတ် (၃) ရိုင်ချင်းဆက်လမ်းမကြီးအား သွားလာခြင်းမပြုကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အနောက်ခြမ်းတွင်လည်း ယမန်နေ့ညနေပိုင်းက Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် စစ်သားများချထားခဲ့ပြီး မူးကမ်းလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသည်။ ယင်းကျေးရွာရှိ ပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
