ချက်သမ္မတနိုင်ငံ ပရာဟာမြို့ Václavské náměstí (Wenceslas Square )တွင် ယနေ့ (သြဂုတ် ၃) တွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ကြိုးပေး စီရင်ခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ အာဇာနည် လေးဦးအတွက် ယင်းနိုင်ငံရောက် မြန်မာများက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆုတောင်းဂုဏ်ပြုခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကျဆုံးသွားသည့် ခေတ်အဆက်ဆက် အာဇာနည်များ၏ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့အတွက် ပေးဆပ်မှုအားလုံးကို လေးစားတန်ဘိုးထားသည့်အနေဖြင့် ဦးညွှတ် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ချက်ကိုဆလိုဗက်ကီးယား လွတ်မြောက်ရေး အတွက် အသက်ပေးခဲ့သည့် ဂျန်ပလာနှင့် ဂျန်ဇဂျစ် အမှတ်တရနေရာတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ ဓါတ်ပုံများကို ထားပြီး ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြသည်။



” ဒီနေ့မှာ ခင်မင်ရတဲ့ သူရဲကောင်းမိတ်ဆွေတွေကို လေးစားဦးညွှတ် အလေးပြုခဲ့ပါတယ်။ ဘဝတစ်လျောက်လုံး လွတ်လပ်မှု ရပိုင်ခွင့် တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက် ရဲရင့်မြဲမြံစွာ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့ သူတို့တွေကို အထူးလေးစားမိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်သည်အထိ ဆက်လက်ချီတက်သွားဖို့လည်း သံဓိဌာန်ပြုခဲ့ပါတယ် ” ဟု အီဂေါက လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
