●ရုရှားဝန်ကြီးမလာခင်ရက်က စစ်ကောင်စီနှင့်ပတ်သပ်သောလုပ်ငန်းရှင်များကဒေါ်လာကိုလိုက်ဝယ်ခဲ့ဟုလုပ်ငန်းရှင်အချို့ပြော
မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးလာသည့်နေ့တွင်ပြည်တွင်းရွှေဈေးတစ်ကျပ်သားကျပ် ၂၄သိန်းခန့်အထိတက်လာကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးမလာခင် ဩဂုတ် ၂ရက်ကတည်းပင် စစ်ကောင်စီနှင့်ပတ်သတ်သည့်ငွေလဲလုပ်ငန်းရှင်းများက ငွေလဲကောင်တာမှတစ်ဆင့် ဒေါ်လာများကို ဈေးအမြင့်ဖြင့်လိုက်လံဝယ်ယူခဲ့သည်ဟု ငွေလဲကောင်တာပိုင်ရှင်အချို့ကပြောသည်။ယနေ့တွင်လည်း ဒေါ်လာများကို ကြိုက်ကြေးပေးဝယ်နေသည်။
“အခုကဈေးတွေမငြိမ်ဘူး။ ကျွန်မတို့ဆိုင်မှာ ၁၀၀တန်တစ်ရွက်ပဲ လာရောင်းကြတယ်။ ကျွန်မတို့လည်း ပြင်ပဈေးကွက် လိုက်ဝယ်နေတာ ဝယ်လို့မရဘူးဖူးဖြစ်နေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ဈေးကွက်ထဲတွင် ပမာဏာအနည်းငယ်ဖြင့်ရောင်းဝယ်ပါကတစ်ဒေါ်လာ ကျပ် ၂၆၀၀ပေးဝယ်သော်လည်း ရောင်းမည့်သူမရှိကြောင်း ၎င်းကဆက်ပြောသည်။ တဒေါ်လာကို ကျပ် ၂၆၄၀အထိပေးလျှင် ဒေါ်လာ ၁၀၀ တန် တစ်ရွက်၊ နှစ်ခန့်သာ ဝယ်ယူ၍ ရနိုင်သေးသည်ဟု ၎င်းကဆက်ပြောသည်။ ပြင်ပဈေးကွက်တွင် ဒေါ်လာကိုပမာဏာများစွာဝယ်ယူလိုပါက (၃၀၀၀)ကျပ်ဝန်းကျင်အထိ့ဈေးပေါက်နေကြောင်းသိရသည်။
ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၃၉၀,၀၀၀ အထိမြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ သို့သော်လည်း စစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၀၆၀,၀၀၀သာ ဈေးဖွင့်ထားသည်။
“အခုကုန်သည်တွေလည်း ဝယ်ရမလား၊ရောင်းရမလား တော်တော်အကျပ်ရိုက်နေတယ်။ မကြာခင်လဲ ရွှေတစ်ကျပ်သား ၂၅သိန်းအထိ ရောက်လာတော့မယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီလက်ပါးစေများက ရွှေနှင့် ဒေါ်လာ ဝယ်ရောင်းလုပ်သူများကို လိုက်လံဖမ်းဆီးနေ၍ ပြင်ပဈေးကွက်တွင်လည်း အရောင်းရပ်တန့်လုနီးပါးရှိနေသည်ဟုလုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဘဏ်များအပေါ် ယုံကြည်မှုနည်းသဖြင့် ဘဏ်မှငွေများထုတ်ပြီး ရွှေ၊ဒေါ်လာနှင့်မြေများဝယ်ယူမှုများခဲ့ရာ ၂၀၂၁စက်တင်ဘာလက ၁ ဒေါ်လာလျှင် ၂၇၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၂၂သိန်းကျော် အများဆုံးဈေးတက်ခဲ့ဖူးသည်။ ၂၀၂၂ ဇလိုင် လကုန်ပိုင်းတွင် ပြင်ပဈေးကွက်၌ ၁ ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်ဈေးတက်ခဲ့ပြီး ထိုနောက်ဈေးပြန်ကျရာမှ သြဂုတ် ၃ ရက်တွင် ၂၆၀၀ သို့ပြန်တက်လာသည်။
ယခုအခါ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ထိုဈေးနှုန်းဖြင့်ပြင်ပဈေးကွက်တွင်ရောင်းဝယ်မရကြောင်း ငွေလဲလုပ်ငန်းရှင်များကဆိုသည်။
