တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး အား ယနေ့ မွန်းလွဲပိုင်းက ၎င်းနေအိမ်အတွင်း၌ ဝင်ရောက်ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း Natogyi Regional Defence အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(သြဂုတ်လ၂ရက်) မွန်းလွဲ ၂နာရီခန့်က တောင်သာမြို့နယ်၊ နန်းမြင့် ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းဆိုသူအား ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ဦးကျော်သိန်းထံမှ ပွိုင့် 22 ကျည် ထည့်ပစ်ရသည့် လက်လုပ်သေနတ်တစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း Natogyi Regional Defence Force-NRDFက အသိပေးသည်။
ရှင်းလင်းခံရသူ ဦးကျော်သိန်းသည် PDFများ၏ လှုပ်ရှားမှုများကို ထောက်လှမ်း ခြင်း၊ ကျေးရွာနေ ပြည်သူလူထုအား သေနတ်ဖြင့် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ မီတာခများ အတင်းအဓမ္မကောက်ခံ ခြင်းများ ပြုလုပ်နေခဲ့ကြောင်း Natogyi Regional Defence Force-NRDFက အသိပေးသည်။

၎င်းအုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသောကြောင့် TTAပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်PDFနှင့် Seven People Defense Foece အဖွဲ့တို့နှင့် ပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး Natogyi Regional Defence Force-NRDFအဖွဲ့ထံ ဆက်သွယ် မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တောင်သာမြို့နယ်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် Non CDM ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန် နောက်ဆုံးအကြိမ် ထပ်မံသတိပေး လိုက်ကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က အသိပေးကြေညာသည်။
ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။
