● လက်နက်ခဲယမ်းအချို့ရပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ဟုအသိပေး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အင်ဝမ်းယန် ရန်သူ့တပ်စခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။
ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။
KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေ ကန်ပိုက်တီ ဒေသရှိ အင်ဝမ်းယန်ရွာအနီး တပ်စခန်းချနေသည့် ရန်သူ့စခန်းကို တိုက်ခိုက်ချေမှုန်းနိုင် ခဲ့ကြောင်း KIAက ဖော်ပြရာ၌ ရန်သူများ၏ လက်နက်ခဲယမ်း အချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးခဲ့သည်။
နေ့လည်ပိုင်း၌ ဝိုင်းမော်ရှိ စစ်ကောင်စီ၏ ခလရ(၅၈)မှ အင်အား ၅၀ ခန့်ဖြင့် အင်အားဖြည့်လာ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်းလည်း ဖော်ပြသည်။
တိုက်ပွဲ၌နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုKIAသတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်က စစ်ကောင်စီနှင့် ဦးရွှေမင်း ဦးဆောင်သည့် လီဆူ ပြည်သူ့စစ်တပ်များ ပူးပေါင်း၍ KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် KIAကပြည်သူ့
စစ်နှင့် စစ်ကောင်စီ ပူးပေါင်းထိုင်ထားသည့် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
