ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးရှိ ၀ူယန်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇူလိုင် ၂၈ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေများ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီမနက် ၂နာရီလောက်မှာ တော်တော်တော့ ပစ်ကြတယ်။ ၁နာရီလောက် ကြာမယ်ထင်တယ်။ ဝူယန်က ဝါးရှောင်မရောက်ခင်မှာရှိတာ”ဟု ဒေသခံက ပြောသည်။
အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။
ထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင် ကြောင်း ၎င်းက ပြောသည်။
“လာပစ်တဲ့သဘောပဲဖြစ်မယ်။ သူတို့က မီးမရှို့သွားဘူး။ နေအိမ်တွေနဲ့နီးလို့လေ အဲဒီစခန်းက။ အဲဒီတကြောလုံးက အားလုံးအိမ်တွေချည်းပဲ”ဟု ကချင်ဒေသခံက ပြောသည်။
အဆိုပါ ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသသည် KIAတပ်မဟာ(၅)၊ တပ်ရင်း (၃)နယ်မြေဖြစ်ပြီး ယခုဇူလိုင် ၁၀ရက်မှစ၍ တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့ သည်။ ယင်းဒေသရှိ KIA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။
