ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအောက်ပိုင်းတွင် ယမန်နေ့ (ဩဂုတ် ၁ရက်)က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း တစ်လောင်း ရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)က ထုတ်ပြန်သည်။
CDF-ဇိုဖေ၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journal က မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။ ဇူလိုင် ၃၀ရက် တိုက်ပွဲ၌ အထိနာပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ် သည် ဟားခါးဘက်သို့ မပြန်ဘဲ အဆိုပါဒေသ၌ ဆက်လက်ရှိနေခဲ့ကြောင်း၊ ဩဂုတ် ၁ရက် မွန်းလွဲ ၂နာရီတွင် တိုက်ပွဲစတင်ခဲ့ရာ ၆နာရီ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် စစ်သားအလောင်းတစ်လောင်းအား တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဖက်က ရရှိသော်လည်း ညပိုင်းဖြစ်၍ စစ်ကောင်စီဘက်က အခြား သေဆုံးထိခိုက်ရှိ၊မရှိမသိနိုင်ဟု CDF- ဇိုဖေက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် သီမစ်ဒေသ၌ အခြေချနိုင်ရန် တပ်အင်အား ဖြည့်တင်းမှုများ ဆက်လက် ပြုလျှက်ရှိ၍ ပြည်သူများအနေဖြင့် သီမစ်-ကြောင်ထီးယားရွာအကြားနှင့်ဟားခါး-ထန်တန် အကြားတွင် ခရီးသွားလားခြင်းမပြုကြရန် CDF – ဇိုဖေက ထုတ်ပြန်ထားသည်ဟု The Chin Journalက ဖော်ပြထားသည်။
