●PDRF နှင့် DNDF (ဝက်လက်)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးခန့်သေဟုPDFထုတ်ပြန်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရုံးအတွင်း ယနေ့မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ်၁ရက်) မွန်းလွဲ ၂နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးနှင့် စည်ပင်သာယာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထွေအုပ်ရုံးဝင်း ဂိုထောင်၌ ရပ်ထားသော ကား ၂ စီး မီးလောင်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြား ရေးက အသိပေးသည်။
စစ်ကိုင်းထွေအုပ်ရုံးနှင့်စည်ပင်ရုံးသည် မျက်နှာချင်းဆိုင်အနေအထားဖြင့် တည်ရှိသည်။

“ရုံးပေါ်ကိုကျခဲ့ကာ တစ်ဆင့် ဂိုထောင်ဘက်ကျပြီးပေါက်ကွဲ မီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးများတယ်လို့သိရပါတယ်။ စည်ပင်ရုံးဝင်းထိခိုက်မှုနည်းတယ်လို့ ကနဦးသတင်းရရှိပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လက်တလော မသိရသေးပေ။
“အသံကတော်တော်ကျယ်တယ်။ မြို့ထဲကနေကောင်းကောင်းကြားလိုက်ရတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား People’s Dictatorship Revolutionary Force-PDRFအဖွဲ့ နှင့်အတူ မဟာမိတ် Doung Ni Defence Force (DNDF-Wetlet)အဖွဲ့တို့ ကပူးပေါင်းတိုက်ခဲ့သည်ဟု PDRF (SGG-UG) အဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးသည်ဟု PDRF (SGG-UG)အဖွဲ့ကဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြို့ခံဓါတ်ပုံဆရာတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းအား လမ်းဘေးတွင်စွန့်ပစ်ခဲ့သေးသည်။
