စစ်ကိုင်းက ဓာတ်ပုံဆရာ ကိုအေးကျော်( ဟေမာန်)ကို နေအိမ်မှာ စစ်အုပ်စု က မနေ့က မနက်ပိုင်း လာရောက်ဖမ်းဆီးပြီးနောက် သတ်ပစ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေထံကသိရပါတယ်။
စစ်ကိုင်းမြို့ ၊အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ကိုအေးကျော်ကို ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးမှာစွန့်ပစ်ခဲ့ပါတယ်။ စွန့်ပစ်အလောင်းကိုတွေ့ရသူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။ အဲဒီနောက် အလောင်းကို နေအိမ် ဆီ လူမှုကူညီရေးအသင်းနဲ့ ပြန်ပို့လာတယ်လို့သိရပါတယ်။
“အလောင်းကိုသယ်ပေးဖို့ ရင်ခွဲရုံက အကြောင်းကြားလို့ လူမှုကူညီရေးအသင်းက သယ်ပေးသွားတာ” လို့လူမှုကူညီရေးအသင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ကိုအေးကျော်ကိုဖမ်းဆီးသတ်ဖြတ်တဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။
ကိုအေးကျော်ဟာ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးရေးနဲ့အသက်မွေးသူဖြစ်ပြီး နွေဦးတော်လှန်ရေး လူထုဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါတယ်။
