ပျူစောထီးအဖွဲ့နှင့်မသက်ဆိုင်ကြောင်း စစ်ကောင်စီက ငြင်းဆိုနေသော်လည်း မြေပြင်တွင် ပျူစောထီးများကို ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ဖြင့် လက်နက်များတပ်ဆင်ပေးနေသဖြင့် ပြည်သူများ ပိုမိုသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
စစ်ကောင်စီကဇူလိုင် ၂၇ရက်တွင်ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ပျူစောထီးအဖွဲ့နှင့်ပတ်သက်၍ ၎င်းတို့မသိကြောင်းငြင်းဆိုခဲ့ပြီး မြေပြင်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခြင်းကို အရှိန်မြှင့်နေကြောင်း တော်လှန်ရေးအင်အားစုများကသတိပေးသည်။
ဇူလိုင်လ ၂၉ရက်က ကန့်ဘလူမြို့နယ်မှပျူစောထီးခေါင်းဆောင်တစ်ဦးထံသို့ စစ်ကောင်စီတပ်က သေနတ်အလက် (၇၀)နှင့် ကျည်ဆံများ ပေးအပ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ တန့်ဆည်နှင့်ကျွန်းလှမြို့မှ ပျူစောထီးများကိုလည်း စစ်ကောင်စီကယခုရက်ပိုင်းလက်နက်များပေးနေသည်ဟုဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
“ကန့်ဘလူရော၊ တန့်ဆည်ရော၊ ကျွန်းလှရော ပျူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်ခွေးက လက်နက်တွေပေးနေပြီ။ ကျွန်တော်တို့နဲ့တိုက်ရတော့မယ်” ဟု ကန့်ဘလူမြို့နယ်အခြေစိုက် KBU Tiger Rangersပြည်သူ့ကာကွယ်ရေးအဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဇူလိုင် ၃၀ရက်ကလည်းမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ပျူစောထီးများကို စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ပေး ကာ သေနတ်နှင့်ကျည်များ ပေးအပ်ခဲ့သည်ဟု Mandalay Free Press-MFPသတင်းဌာနက ဖော်ပြထားသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်နှင့်စစ်တပ်အားထောက်ခံသော YMBAအသင်းဝင်များစသဖြင့်ထည့်သွင်းပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင်(၂၀)ဦးခန့်ဖြင့် ရပ်ကွက်နှင့်ကျေးရွာအလိုက်ဖွဲ့စည်းရန် စစ်ကောင်စီကကြိုးစားနေသည်။ပြည်သူ့လုံခြုံရေးဟုသောခေါင်းစဥ်ဖြင့် စစ်ကောင်စီအလိုကျ လုပ်ပေးမည်သူများမွေးန်၂၀၂၂မတ်လ(၃)ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ လုံခြုံရေးအစည်းအဝေးတွင် လျှို့ဝှက်ညွှန်ကြားခဲ့သည်ဟု ရုံးစာအထောက်အထားများထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် သေဆုံး ဒဏ်ရာရခဲ့သောစစ်သားနှင့်ရဲများ၊ ပြည်သူနှင့်ပူးပေါင်းကာCDM ပြုလုပ်သွားသောစစ်သားနှင့်ရဲများ ကြောင့်အင်အားလျော့နည်းလာပြီး တပ်သားသစ်ခေါ်ယူရန်ပိုခက်ခဲလာသဖြင့် ပျူစောထီးများ ၊ပြည်သူ့လုံခြုံရေးအအဖွဲ့၊ သွေးသောက်စသောခေါင်းစဥ်များနှင့် ၎င်းတို့အကျိုးစီးပွားကာကွယ်ပြီး ပြည်သူကိုဖိနှိပ်ကာ စစ်တပ်စေခိုင်းသည့်အတိုင်းလုပ်မည့်သူများကိုမွေးမြူနေခြင်းဖြစ်သည်။
ပျူစောထီးအဖွဲ့များသည် မြေပြင်တွင် ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန်နေကြ၍ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဟု အသွင်ပြောင်းရန် ကြိုးစားနေခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသုံးသပ်ပြောကြားသည်။ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျူစောထီးအဖွဲ့ကပင်ဇူလိုင်လ ၅ရက်ကသတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီကဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် မပါဝင်ရန်နှင့် ပါဝင်သူများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီးအရေးယူမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အတိအလင်းကြေညာထားသည်။
ပြည်သူချင်းအကြမ်းဖက်တိုက်ခိုက်စေရန်ရည်ရွယ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအကြမ်းဖက်အဖွဲ့များကို မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာအလိုက်စစ်ကောင်စီကဖွဲ့စည်းနေကြောင်းနှင့်ပြည်သူ့လုံခြုံရေးအဖွဲ့တွင်ပါဝင်ရန်အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရပါက သက်ဆိုင်ရာဒေသမှ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့ရန် NUG က တိုက်တွန်းထားသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့တွင်ပါဝင်မည့်သူများ၏ကိုယ်ရေးအချက်အလက်များနှင့် သက်သေအထောက်အထားများကိုရရှိထားကြောင်းလည်းNUGကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
