စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို
စစ်ကိုင်းတိုင်း ကောလင်းနှင့် ကန့်ဘလူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်က ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ် အုန်းခြောက်လုံးကျေးရွာအနီးတွင် ကောလင်း PDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ်(ပကဖ)နှင့် ကန့်ဘလူမြို့နယ်(ပကဖ)တို့ ပူးပေါင်း၍ ယနေ့ ညနေ ၄နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
“ကုက္ကိုယ်ကုန်းရွာကနေ ဆင်းသွားတဲ့စစ်ကြောင်း။ အုန်းခြောက်လုံးရွာမှာ မိုင်းဆွဲခံရတာ။ ခွေး ခုနှစ်ကောင်သေတာ အတည်ပြုနိုင်ပါတယ်”ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။
ကန့်ဘလူမြို့ခံတစ်ဦးကလည်း ” ဒီနေ့ မိုင်းသံကတော့ အောင်တယ်။ ဟိန်းထွက် သွားတာပဲ။ စစ်ခွေးတွေ အများကြီး ထိတာသေချာတယ်။ဆေးရုံကားတွေ ဆူညံနေတာ”ဟု ပြောသည်။
မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။
Kawlin Revolution သည် ကောလင်းဒေသ လူထုတော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေး နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်ရေးစာ မျက်နှာဖြစ်သည်။
