စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်စောင့် ရဲတစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ထီးချိုင့်မြို့ မောင်းတံစစ်ဆေးရေးဂိတ်စောင့် ရဲတစ်ဦးကို ယနေ့(ဇူလိုင် ၃၁ရက်) ညနေ အချိန်တွင် ဆိုင်ကယ်စီးလာသူ နှစ်ဦးက ဓားဖြင့် ထိုးသတ်သွားခြင်း ဖြစ်သည်။
” ရဲသေသွားတယ်။ သတ်တဲ့သူတွေက ဘယ်သူတွေလဲတော့ မသိသေးဘူး။ ရဲတွေတော့ လန့်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ရဲမှာ နိုင်မင်းထွန်းဆိုသူ ဖြစ်သည်။

ထီးချိုင့်မြို့တွင် ဇူလိုင် ၂၈ရက်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။
ထီးချိုင့်မြို့တွင် စစ်ကောင်စီက ဖွဲ့စည်းပေးသည့် ပြည်သူ့လုံခြုံရေးအဖွဲ့၌ ပါဝင်နေသည့် ပျုစောထီး ၂၅ဦး၏ အမည်ကို ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution -TRက ယနေ့ ထုတ်ပြန်သတိပေးထားသည်။
ပျူစောထီးများသည် စစ်ကောင်စီထောက်တိုင် စစ်စစ်များဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်ဟု Tigyaing Revolution -TR က ထုတ်ပြန်သည်။
