တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ကလေး-တမူး အာရှလမ်းမကြီးကို အထူးသတိပြုသွားလာကြရန် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-တမူး )တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သတိပေးသည်။
ထိုအပြင် စစ်ကောင်စီလက်ပါးစေ မည့်သည့်အဖွဲ့အစည်းများနှင့်မဆို အနီးကပ်နေထိုင်သွားလာခြင်းမပြုရန်လည်း PDF-တမူးက မေတ္တာရပ်ခံထားသည်။
သတိပေးချက်များကို မလိုက်နာပါက ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“လပ်တလော စစ်ရေးအခြေအနေတင်းမာမှုများကြောင့်ထုတ်ပြန်ထားတာဖြစ်ပါတယ်ဗျ”ဟု PDF-တမူးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင်စစ်ကောင်စီတပ် နှင့်ပျူစောထီးများသည်အင်အားအလုံးအရင်းဖြင့်ကျေးရွာများတွင်ဝင်ရောက်တပ်စွဲထားပြီး ဒေသခံကာကွယ်ရေးတပ်စခန်းများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်အနေအထားဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“တပ်စွဲထားတဲ့ရွာမှာရှိတဲ့ နေအိမ်များကိုလည်း ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူနေကြောင်းလည်းကြားရပါတယ်ဗျ”ဟု အထက်ပါPDFကပြောသည်။
PDF-တမူးတပ်ရင်း( ၃) သည် ဇွန်လ ၂၇ ရက်တွင်လည်းတမူးမှကလေးမြို့သို့ပြန်လာသောအင်အား၁၀၀ ခန့်ရှိစစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခဲ့သေးသည်။
