ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကမမောင်း-ကတိုင်တိကားလမ်းမပေါ်မှာ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်တော်(KNLA)တပ်မဟာ ၅ က တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် BGF ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်(၂၉)ရက် မနက် ၈ နာရီခွဲအချိန်က ဖာပွန်ခရိုင် ကမမောင်း-ကတိုင်တိကားလမ်းမပေါ် ဝါသိုးခိုရွာနားမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF ဘက်က သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး နယ်ခြားစောင့်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်အကြပ်ကိုင်သလို အများပြည်သူတွေ ကူးလူးသွားလာတာတွေပိတ်ပင်တာ၊ လယ်မြေခြံတွေတွေအတွင်းကို လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပြီး ပစ်ခတ်နေတာတွေလုပ်ဆောင်နေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
