စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၈ရက် ည၁၀ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြားတွင် မိုင်းရှာနေသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးပြီး ခြောက်ဦးခန့် အပြင်းထန်ဒဏ်ရာရရှိ၍ ဆိုင်ကယ် သုံးစီးပါပျက်စီးသွားကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊ မြို့နယ် (ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ Saw Bwar Gyi (MPD)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က (၆၀၀မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း MBTT တပ်ဖွဲ့က အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး MBTT အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။
