စစ်ကောင်စီထောက်တိုင်ဖြစ်၍ ဖမ်းဆီးခြင်းဟုဆို
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် Denko ဆီဘောက်ဆာကားတစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကောင်စီထောက်တိုင်ဖြစ်၍ ဖမ်းဆီးဖြစ်ကြောင်း GZ Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၃၀ရက်) မွန်းလွဲပိုင်းက ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force ပြောက်ကျားတပ်ဖွဲ့၊တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူ ပြောက်ကျားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမဆို ပြင်းပြင်းထန်ထန် အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းသည့် မှတ်တမ်းဓါတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ယာဉ်မောင်းသမားဟုယူဆရသူတစ်ဦးလည်း ပါဝင်သည်။ ဖမ်းဆီးထိန်းသိမ်းထားသည့် ဆီဘောက်ဆာကားအား မည်သည့်နေရာတွင် ဖမ်းဆီးမိသည်ကို ဖော်ပြထားခြင်းမရှိပါ။ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို လည်း အသိပေးထားခြင်း မရှိသေးပါ။

GZ Special Task Forceအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။
ဖမ်းဆီးထိန်းသိမ်းထားသော ဆီဘောက်ဆာကားအား ဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။
