အာဏာသိမ်းစစ်ခေါင်းဆောင်သိမ်းယူထားသောအင်းလျားလမ်းအမှတ်၁၄နေအိမ်၏ရှယ်ယာအားလုံးကိုယနေ့(ဇူလိုင် ၃၀) နေ့ခင်းတွင်ရောင်းကုန်သွားဖြစ်ကြောင်းရှယ်ယာရောင်းချပေးနေသည့်ကိုယ်စားလှယ်များကပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်နေအိမ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဒေါ်လာ၁၀သန်းတန်ဖိုးရှိအစုရှယ်ယာတစ်သိန်းကိုမေလ ၅ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီကျော်တွင် ရှယ်ယာအားလုံးရောင်းထွက်သွားခြင်းဖြစ်သည်ဟုဟုအထက်ပါကိုယ်စားလှယ်များကပြောသည်။

““ပြည်သူသာ အဓိက” ဆိုတဲ့ အတိုင်း ပြည်သူ့အားသာ မပါရင် နွေဦးတော်လှန်ရေးဟာ ဒီအထိ မရောက်လာနိုင်ပါဘူး။ အခုလည်း ပြည်သူရဲ့ ညီညွတ်စိတ်၊အာဏာရှင်စနစ်ကိုအဆုံးသတ်ချင်စိတ် တို့ကို ၁၄ အင်းလျားမှာ တစ်ခါ ထပ်ပြလိုက်ပါပြီ။”ဟု အဆိုပါရှယ်ယာရောင်းချနေသည့် EODအဖွဲ့ကရှယ်ယာများအကုန်ရောင်းချပြီးနောက်ထုတ်ပြန်သည်။
ဇူလိုင် ၂၇ ရက်က မင်းအောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြေညာပြီး လေးရက်မြောက်နေ့တွင်ပင် ရှယ်ယာအားလုံးရောင်းကုန်သွားခြင်းဖြစ်သည်။
“တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့အရေးကြီးတဲ့ဘဏ္ဍာငွေအတွက်ပါဝင်ထောက်ပို့ကြတဲ့ဝယ်ယူသူများ၊EODကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်”ဟုEODကထုတ်ပြန်သည်။
ဆက်လက်၍လည်း EODက”End of Dictatorship ဆိုတဲ့ နာမည်နဲ့ အညီ အာဏာရှင်နိဂုံး အဆုံးမသတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ နောက်ထပ် ပရောဂျက်များ မကြာခင် စတင်ပါမယ်။ ပြည်သူက ပူးပေါင်းပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု အသိပေးသည်။
